NEJ / ၁၉ မေ ၂၀၀၈ (photo-reuters)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဘေး ကယ် ဆယ်ရေးလုပ်ငန်း အရှိန်တိုးမြှင့် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း သွားရောက်မည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်ကို ကိုးကား၍ ဆင်ဟွာ သတင်း၌ ဖော်ပြသည်။
ကုလသမဂ္ဂအကြီးအကဲသည် နယူးယော့ခ်မြို့မှ အင်္ဂါနေ့တွင် ထွက်ခွာမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိမည်ဖြစ်ကာ ခရီးစဉ်(၃) ရက်ကြာမြင့်မည်ဟု ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲမွန်းတပ်စ်က ယမန်နေ့က ကြေညာသည်။
မစ္စတာဘန်ကီမွန်းသည် မြန်မာစစ်အစိုးရထိပ်ပိုင်း ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ကယ်ဆယ်ရေး အကူပစ္စည်းများ ဖြန့်ဝေရေးကိစ္စ မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမည်ဟုသိရသည်။
“ခရီးစဉ်တခုလုံးရဲ့ ရည်ရွယ်ချက်ကတော့ သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြင့် ဆောင်ရွက်စေဖို့ပါပဲ။ မြန်မာနိုင်ငံသွားရောက်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်း အမှန်တကယ် ပိုပြီး မြန်ဆန် သွက်လက်လာလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်က မျှော်လင့်နေပါတယ်” ဟု မစ်ရှဲမွန်းတပ်စ်က ပြောသည်။
မစ္စတာဘန်ကီမွန်းက “ကျနော် အလေးထား ပြောချင်တာကတော့ ခုချိန်ဟာ နိုင်ငံရေးအတွက် မဟုတ်ဘူးဆိုတာပါပဲ။ ကျနော်တို့ အခုချိန်မှာ စိုးရိမ်နေတာက အသက်တွေကို ကယ်ဆယ်ဖို့ပါ။ မြန်မာအစိုးရရယ်၊ သူ့ပြည်သူတွေရယ်ကို ကူညီဖို့ပါ” ဟု မကြာသေးခင်က ကျင်းပခဲ့သည့် အထွေ ထွေညီလာခံတွင် ပြောကြားခဲ့သည်။
မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်မြို့ရှိ ဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ် အခံရဆုံး နေရာများသို့ သွာရောက်ကြည့်ရှုမည်ဟု ကုလသမဂ္ဂက ပြောသည်။
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အကြီးအကဲ ဂျွန်ဟုမ်းစ်သည် နိုင်ငံ တကာမှပေးအပ်သည့် ကယ်ဆယ်ရေး အကူအညီများ လေးဘေးဒုက္ခသည်များထံ မရောက်ဘဲ ကြန့်ကြာနေမှုကို ကိုင်တွယ်ဖြေရှင်းရန် ယမန်နေ့ကတည်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ။
post by: ခါတော်မီ



တရုတ်ငလျှင် VS မြန်မာဆိုင်ကလုံး


